About
အဘူးစာရဖ်အုပ်စု (ASG) သည် ၁၉၉၀ ခုနှစ်များ အစောပိုင်းက မိုရိုအမျိုးသားလွတ်မြောက်ရေး တပ်ဦး (Moto National Liberation Front) မှ ခွဲထွက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံတွင် အကြမ်းဖက်ဆုံး အုပ်စုတစ်ခုဖြစ်ပါသည်။ အစောပိုင်း၌ အယ်လ်ခိုင်းဒါး၏ လွှမ်းမိုးခံရပြီး၊ ASG သည် မင်ဒနောင်း အနောက်ပိုင်းနှင့် စူးလူး ကျွန်းစွယ်တို့တွင် လွတ်လပ်သော အစ္စလမ်ပြည်နယ်တစ်ရပ်အတွက် အားပေးထောက်ခံသည်ဟု ပြောဆိုပါသည်။ များမကြာမီက ထိုအုပ်စုမှလူများက ISIS ၏ ဒေသဆိုင်ရာအဖွဲ့အစည်း ISIS-ဖိလစ်ပိုင်နှင့် ဆက်ဆံရေး ထူထောင်ခဲ့ပါသည်။ ထိုအုပ်စုသည် ဗုံးဖောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အဖမ်းခံရသူကို ငွေဖြင့်ပြန်ရွေးရန်အတွက် ပြန်ပေးဆွဲခြင်းများ အပါအဝင် ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ပါသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ASG အား ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့၌ ASG အား နိုင်ငံတော်သမ္မတ၏ အမိန့် ၁၃၂၂၄ နောက်ဆက်တွဲတွင် ဖော်ပြခဲ့ပါသည်။ ဤသို့သတ်မှတ်ခြင်း၏ အကျိုးဆက်အနေဖြင့်၊ အခြား အကျိုးဆက်များအပြင်၊ အမေရိကန်ပြည်ထောင်စု တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ASG ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားအားလုံးအား ပိတ်ပင်လိုက်ပြီး၊ အမေရိကန် နိုင်ငံသားများအား ASG နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် ASG အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။
