About
နဂိုမူလက အယ်လ်ခိုင်းဒါး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် အစ္စလာမ် မဂရက်ဘ် (AQIM) ရှိ အဲလ်မူရဲဘီထန်း (Al-Murabitoun) သည် ၎င်း၏ခေါင်းဆောင် မိုခ်ထားရ် ဘယ်လ်မိုခ်ထားရ် ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် AQIM မှ ခွဲထွက်လိုက်ပြီးနောက်တွင် သီးခြား အဖွဲ့အစည်းတစ်ရပ် ဖြစ်သွားပါသည်။ ခွဲထွက်ပြီးနောက် ဘယ်လ်မိုခ်ထားရ်မှ အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို တိုက်ခိုက်ရန် ခြိမ်းခြောက်ခဲ့ပြီး အယ်လ်မူလာသာမွန် တပ်ရင်း (al-Mulathamun Battalion) ကို ဖန်တီးလိုက်ခြင်းကို ကြေညာခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ထိုအယ်လ်မူလာသာမွန် တပ်ရင်းနှင့် မာလီအခြေစိုက် စည်းလုံးခြင်းအတွက် လှုပ်ရှားမှုနှင့် အနောက်အာဖရိကရှိ ဂျီဟတ် (Movement for Unity and Jihad in West Africa – MUJAO) အဖွဲ့အစည်း နှစ်ရပ်တို့မှ “အယ်လ်မူရဲဘီထန်း” အမည်ဖြင့် ပူးပေါင်းမည်ဟု ကြေညာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် အယ်လ်မူရဲဘီထန်မှ AQIM နှင့် ပြန်လည်ပူးပေါင်းကြောင်း ကြေညာခဲ့ပါသည်။ ၂၀၁၇ ခုနှစ်တွင် အယ်လ်မူရဲဘီထန်းသည် ဂျမားအတ် နားစယ်ရ် အယ်လ်အစ္စလာမ် ၀ါလ်မွတ်စလင်မင်း (Jama’at Nasr al-Islam wal Muslimin – JNIM) ကိုဖွဲ့စည်းရန် အခြားဒေသန္တရ အကြမ်းဖက်အုပ်စု သုံးစုနှင့် ပူးပေါင်းခဲ့ပါသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် အယ်လ်မူရဲဘီထန်းဟု ယခုသိရှိထားသည့် အဖွဲ့အစည်းမှ အယ်လ်ဂျီးရီးယား အရှေ့တောင်ပိုင်းရှိ အင်နမေးနစ္စ အနီးရှိ Tiguentourine ဓာတ်ငွေ့စက်ရုံကို တိုက်ခိုက်မှုအတွက် တာဝန်ရှိသည်ဟု ဆိုခဲ့ပါသည်။ လေးရက်ကြာ သိမ်းပိုက်မှုအတောအတွင်း လူ ၈၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါသည်။ ထိုတိုက်ခိုက်မှုတွင် အမေရိကန်သား သုံးဦးအပါအဝင် အရပ်သား သုံးဆယ့်ကိုးဦး သေဆုံးခဲ့ပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် အယ်လ်မူရဲဘီထန်း တပ်သားများက ဘမာကိုရှိ Radisson Blu ဟော်တယ်ကို တိုက်ခိုက်ခဲ့ပြီး အမေရိကန် နိုင်ငံသားများအပါအဝင် ဓားစားခံ ၁၇၀ ကျော်ကို ဖမ်းဆီးခဲ့ပါသည်။ ထိုတိုက်ခိုက်မှုတွင် လူ ၂၇ ဦးနီးပါး သေဆုံးခဲ့ပြီး ၎င်းတို့အထဲတွင် အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ထမ်းတစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ၌ အမေရိကန်သား တစ်ဦး အပါအဝင် လူ ၃၀ နီးပါးသေဆုံးသည့် ဘူရ်ကီးနားဖာဆိုရှိ နာမည်ကြီး ကမ္ဘာ့ခရီးသွားများတည်းခိုရာ ဟော်တယ်တစ်ခုကို AQIM မှ တိုက်ခိုက်ခြင်းတွင် အယ်လ်မူရဲဘီထန်း ပါဝင်သည်ဟု သတင်းရရှိပါသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နဂိုမူလက အယ်လ်မူလာသာမွန် တပ်ရင်းဟု အမည်ရှိ အယ်လ်မူရဲဘီထန်းအား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ အယ်လ်မူလာသာမွန် တပ်ရင်းအား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ ဤအုပ်စု၏ အဓိကအမည်မှာ အယ်လ်မူရဲဘီထန်းအဖြစ် ဆက်လက်၍ ရှိနေပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ဤအုပ်စု၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား အယ်လ်မူရဲဘီထန်း/အယ်လ်မူလာသာမွန် တပ်ရင်းနှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ အယ်လ်မူရဲဘီထန်း/အယ်လ်မူလာသာမွန် တပ်ရင်းအား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။
