About
တယ်ရစ်အေ တာလီဘန် ပါကစ္စတန် (TTP) သည် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သော ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်။ TTP သည် (ဖက်ဒရယ်အစိုးရမှ အုပ်ချုပ်သည့် လူမျိုးစုဒေသများဟု ယခင်က သိကြသည့်) ခယ်ဘဲပတ်တွန်းကွာ ပြည်နယ်မှ ပါကစ္စတန်အစိုးရကို တွန်းထုတ်၍ အကြမ်းဖက် လုပ်ရပ်များဖြင့် အစ္စလာမ် တရားဥပဒေ ချမှတ်ရန် ရည်ရွယ်ပါသည်။ TTP သည် အယ်လ်ခိုင်းဒါး (AQ) ထံမှ သဘောတရားရေး လမ်းညွှန်ချက် ခံယူပြီး၊ AQ အင်အားစုများက အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ်ဒေသ တစ်လျှောက် ဘေးကင်းစွာခိုလှုံနိုင်ရန် TTP အပေါ် တစ်စိတ်တစ်ဒေသ အားထားပါသည်။ ဤအစီအစဉ်ကြောင့် TTP အနေဖြင့် AQ ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်နှင့် ချိတ်ဆက်နိုင်ပြီး ၎င်း၏ အဖွဲ့ဝင်များ၏ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုကို ရယူနိုင်ပါသည်။
TTP သည် အမေရိကန်နိုင်ငံသား ခုနစ်ဦးသေဆုံးခဲ့သည့် အာဖဂန်နစ္စတန်၊ ခို့စ်မြို့ရှိ အမေရိကန်တပ်စခန်းတစ်ခုကို ၂၀၀၉ ခုနှစ်က အသေခံဗုံးခွဲတိုက်ခိုက်မှုအပြင် ပါကစ္စတန် နိုင်ငံသား ခြောက်ဦးသေဆုံးခဲ့သည့် ပါကစ္စတန်၊ ပက်ရှဝါမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ၂၀၁၀ ခုနှစ်က ဗုံးခွဲ တိုက်ခိုက်မှု အပါအဝင် ပါကစ္စတန်နှင့် အမေရိကန် ပြည်ထောင်စု အကျိုးစီပွား မြောက်မြားစွာကို ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါသည်။ ၂၀၀၇ ခုနှစ် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနဇီယာဘူတိုအား လုပ်ကြံ သတ်ဖြတ်မှုတွင် TTP ပါဝင်ပတ်သက်သည်ဟု သံသယ ရှိကြပါသည်။ TTP သည် ၂၀၁၀ ခုနှစ် မေလ ၁ ရက်နေ့ နယူးယောက်မြို့ Times Square တွင် ဖောက်ခွဲပစ္စည်းဖြင့် ဖောက်ခွဲရန် ဖိုင်ဇယ်လ်ရှာဇတ်ကို ညွှန်ကြား၍ ပံ့ပိုးပေးခဲ့သော်လည်း ဖောက်ခွဲမှု မအောင်မြင်ခဲ့ပါ။
၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ TTP အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ်နှင့် နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ TTP အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ TTP ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား TTP နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် TTP အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့် တမင်ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။
