ကျွန်ုပ်တို့အကြောင်း

မေးလေ့မေးထမေးခွန်းများ

တရားမျှတမှုအတွက်ဆုငွေများ (REWARDS FOR JUSTICE - RFJ) အစီအစဉ်အကြောင်း နောက်ခံနည်းနည်းပါးပါး ပေးနိုင်ပါသလား။

RFJ သည် အဖွဲ့အစည်းအမျိုးမျိုးပူးပေါင်းလုပ်ကိုင်သည့် ဆုငွေအစီအစဉ်ဖြစ်ပြီး၊ ၎င်းကို (22 U.S.C. § 2708 ၌ ပြဋ္ဌာန်းထားသည့်) ၁၉၈၄ ခုနှစ် နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အက်ဥပဒေ၊ ပြည်သူ့ဥပဒေ ၉၈-၅၃၃ အရ ပြုလုပ်ထားသည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ၎င်းကို နိုင်ငံခြားရေးဌာန၏ သံတမန်ရေးရာ လုံခြုံရေးဌာနမှ စီမံခန့်ခွဲပါသည်။

RFJ ၏လုပ်ငန်းတာဝန်မှာ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရာတွင် အထောက်အကူပြုသည့် သတင်းအချက်အလက်များ ထုတ်လုပ်ရန်ဖြစ်သည်။

၎င်း၏ ၁၉၈၄ ခုနှစ် ပြဋ္ဌာန်းဥပဒေ အာဏာများအရ RFJ ၏ နဂိုမူလ လုပ်ငန်းတာဝန်မှာ အောက်ပါတို့အတွက် သတင်းအချက်အလက်များအတွက် ဆုငွေများ ပေးရန်ဖြစ်သည်

  • အမေရိကန်နိုင်ငံသားများ သို့မဟုတ် အိုးအိမ်ခြံမြေအပေါ် နိုင်ငံတကာ အကြမ်းဖက်လုပ်ရပ်များလုပ်ရန် ကြံစည်သူ၊ ကျူးလွန်သူ၊ ကူညီသူ သို့မဟုတ် ကြိုးပမ်းသူအား ဖမ်းဆီးမှု သို့မဟုတ် ပြစ်မှုထင်ရှားစီရင်မှု ပြုလုပ်နိုင်စေခြင်း
  • အစကတည်းက ထိုကဲ့သို့သော လုပ်ရပ်များ မပေါ်ပေါက်ရန် တားဆီးကာကွယ်ခြင်း
  • အဓိက အကြမ်းဖက်ခေါင်းဆောင်တစ်ဦးအား ဖော်ထုတ်ခြင်း သို့မဟုတ် ၎င်း၏တည်နေရာကို သိစေခြင်း
  • အကြမ်းဖက်ခြင်းအတွက် ငွေကြေးထောက်ပံ့မှုကို အလျဉ်ပြတ်စေခြင်း

၂၀၁၇ ခုနှစ်တွင် အောက်ပါတို့အတွက် သတင်းအချက်အလက်များအတွက် ဆုငွေများပေးခြင်းကို ထည့်သွင်းရန် ကွန်ဂရက်လွှတ်တော်မှ RFJ ၏ ပြဋ္ဌာန်းချက် ဥပဒေအာဏာကို ပြင်ဆင်ခဲ့ပါသည်-

  • မြောက်ကိုရီးယားအစိုးရအား ပံ့ပိုးသည့်လုပ်ဆောင်ချက်အချို့ကို ပြုလုပ်သူများ ငွေကြေးယန္တရားများကို အလျဉ်ပြတ်စေခြင်း
  • – ပြည်ပအစိုးရတစ်ရပ်၏ ညွှန်ကြားချက် သို့မဟုတ် ထိန်းချုပ်မှုအရ ကွန်ပျူတာ လိမ်လည်မှုနှင့် တလွဲသုံးခြင်း အက်ဥပဒေ ချိုးဖောက်မှုတစ်ရပ်အား ထောက်ပံ့ အားပေးကူညီသည့် (ခွင့်ပြုချက်မရဘဲ ကွန်ပျူတာအတွင်း ဝင်ရောက်ခြင်းနှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် အခြားပုံစာများနှင့် လိမ်လည်မှုများ ကျူးလွန်သည့်) မည်သည့်ပုဂ္ဂိုလ်မဆိုအား ဖော်ထုတ်ခြင်း သို့မဟုတ် ၎င်း၏တည်နေရာကို သိစေခြင်း

ဆုငွေပေးဆပ်မှုများသည် ဒေါ်လာ ၁ သန်းအောက်မှသည် ဒေါ်လာ ၂၅ သန်းအထိ ရှိနိုင်ပါသည်။

ယခင်က ဆုငွေပေးခြင်းမရှိခဲ့သော အမှုများအတွက် RFJ မှ ဆုငွေများ ပေးဆပ်နိုင်ပါသည်။


RFJ သည် မည်မျှထိရောက်သနည်း။

RFJ သည် အစပြုကတည်းက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရာ၌ အထောက်အကူပြုခဲ့သည့် အသုံးဝင်သော သတင်းအချက်အလက်များ ပေးခဲ့သည့် ပုဂ္ဂိုလ် 125 ကျော်အား ဒေါ်လာ သန်း 250 ကျော် ပေးခဲ့ပါသည်။ ဤဦးတည်ကြိုးပမ်းဆောင်ရွက်ချက်များမှ မရေမတွက်နိုင်သော အပြစ်ကင်းသည့် အသက်များကို ကယ်တင်ခဲ့ပါသည်။


ဆုငွေပေးခြင်းများကို မည်သို့ကြော်ငြာသနည်း။

RFJ ၏၀က်ဘ်ဆိုက်အပြင်၊ ကျွန်ုပ်တို့သည် သက်ဆိုင်သည့် အချက်အလက်များကို ကမ်းလှမ်းနိုင်မည့် ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ပြောဆိုရန် ဘာသာစကား အမျိုးမျိုးဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ၊ ပိုစတာများ၊ မီးခြစ်ဘူးများ၊ ရေဒီယိုနှင့် သတင်းစာများ၌ အခကြေးငွေပေး၍ ကြော်ငြာခြင်းများ၊ အင်တာနက်နှင့် အခြားသင့်တော်သည့် နေရာများကို အသုံးပြုပါသည်။


ဆုငွေပေးခြင်းများအကြောင်း မည်သည့်အချက်အလက်များကို ဖော်ပြသနည်း။

လျှို့ဝှက်ထားခြင်းသည် RFJ အစီအစဉ်၏ အဓိကလက္ခဏာတစ်ရပ် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဆုငွေကမ်းလှမ်းချက်များကို တုံ့ပြန်သည့်အနေဖြင့် တင်သွင်းခဲ့သည့် သတင်းအချက်အလက် အတိအကျ သို့မဟုတ် ဆုငွေရရှိသည့် ပုဂ္ဂိုလ်များ၏ အမည်များကို ကျွန်ုပ်တို့ လူသိရှင်ကြား ထုတ်ပြောခြင်း မရှိပါ၊ ထို့အပြင် သာမန်အားဖြင့် ဆုငွေတစ်ရပ် ပေးခဲ့ပြီးကြောင်းကိုပင် လူသိရှင်ကြား ထုတ်ပြောခြင်း မရှိပါ။ အချို့သော လူသိများသည့် အခြေအနေများတွင်၊ ကျွန်ုပ်တို့သည် ဆုငွေပေးလိုက်ခြင်းကို ကြေညာကောင်း ကြေညာနိုင်သော်လည်း ပေးလိုက်သည့် သတင်းအချက်အလက် သို့မဟုတ် ထိုသတင်းပေးသူ၏အမည်ကို ကြေညာခြင်း မပြုပါ။


RFJ ၏ သီးခြားအောင်မြင်မှုများ သို့မဟုတ် ဆုငွေပေးချေမှုများအကြောင်း အသေးစိတ် အချက်အလက်အချို့ ပေးနိုင်ပါသလား။

၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလတွင် RFJ ၏ ဆုငွေကမ်းလှမ်းချက်ကို တုံ့ပြန်ခဲ့သော သတင်းပေးသူတစ်ဦးမှ ပေးခဲ့သည့် သတင်းအချက်အလက်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၁၉၉၃ ခုနှစ်၌ ဗုံးခွဲတိုက်ခိုက်ခဲ့သူတစ်ဦးဖြစ်သော ရမ်ဇီယူစွတ်အား ပါကစ္စတန်၌ တွေ့ရှိပြီး ဖမ်းဆီးခဲ့ပါသည်။

RFJ သည် ဖိလစ်ပိုင်နိုင်ငံတွင် အများပြည်သူရှေ့မှောက် ဆုငွေပေးအပ်ပွဲ သီးခြားလေးပွဲ၌ လူပုဂ္ဂိုလ်များအား ဆုငွေများစွာ ပေးအပ်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင်၊ အများပြည်သူရှေ့မှောက် ဆုချီးမြှင့်ပွဲတစ်ပွဲ၌ RFJ သည် စုစုပေါင်း ဒေါ်လာ ၁၀ သန်း ပေးခဲ့ပါသည်။ ဤဆုငွေပေးအပ်ခြင်းသည် ဤအစီအစဉ် စတင်ကတည်းက ဖိလစ်ပိုင်နိုင်ငံတွင် RFJ မှ ပေးခဲ့သည့် အများဆုံး ဆုငွေပမာဏဖြစ်သည်။

အမေရိကန်သံအမတ်တစ်ဦး အပါအဝင် အမေရိကန်လေးဦး သေဆုံးခဲ့သည့် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ရှိ အမေရိကန်ပြည်ထောင်စု ယာယီလုပ်ငန်းတာဝန် အဆောက်အဦးနှင့် တိုးချဲ့ဆောင်တို့ကို ၂၀၂၁ ခုနှစ်က တိုက်ခိုက်မှုအား စီမံညွှန်ကြားသည့် အကြမ်းဖက်ခေါင်းဆောင် အာမက်အဘူခတ်တာလာအား ဖမ်းမိပြီး အပြစ်ထင်ရှားတွေ့ရှိစေသည့် သတင်းအချက်အလက် ပေးသူတစ်ဦးအား RFJ မှ ဒေါ်လာ ၃ သန်း ပေးခဲ့ပါသည်။


သင်မှ ယေဘုယျအားဖြင့် အချက်အလက်အတိအကျ မပေးသည့်အတွက် ဆုငွေများကို အမှန်တကယ် ပေးပြီးခြင်း ရှိမရှိ ကျွန်ုပ်တို့ မည်သို့ သေချာနိုင်မည်နည်း။

ပြောပြီးခဲ့သည့်အတိုင်း RFJ သည် ရံဖန်ရံခါ လူသိများသည့် ဆုငွေပေးချေမှုအကြောင်း အကန့်အသတ်ဖြင့် ကြေညာချက်များ ပြုလုပ်ပါသည်။

ကျွန်ုပ်တို့သည် ငွေပေးချေပြီးသည့်အခါ ကွန်ဂရက်လွှတ်တော်ထံ သက်ဆိုင်သူသာ ဖတ်ခွင့်ရှိသော အစီရင်ခံစာတစ်စောင်လည်း ပေးပါသည်။


ဆုငွေနှင့်ထိုက်တန်ရန် မည်သည့်အရာ လိုအပ်သနည်း။ သင်သည် မည်သည့်အချက်အလက် အမျိုးအစားကို ရှာနေသနည်း။

အောက်ပါသတင်းအချက်အလက်များကို ပေးသူများသည် ဆုငွေရကောင်းရပါမည်-

  • ကမ္ဘာ့မည်သည့်နေရာမဆို၌ရှိသည့် အမေရိကန်နိင်ငံသားများ သို့မဟုတ် အိုးအိမ်ခြံမြေအပေါ် နိုင်ငံတကာအကြမ်းဖက်လုပ်ရပ်များကို တားဆီးရန် သို့မဟုတ် ကောင်းမွန်စွာဖြေရှင်းရန် အထောက်အကူပြုသည့် သတင်းအချက်အလက်များ။
  • ပြည်ပအကြမ်းဖက်အဖွဲ့အစည်းတစ်ခု၏ အဓိကခေါင်းဆောင်အား ဖော်ထုတ်သည့် သို့မဟုတ် ၎င်း၏တည်နေရာကို သိစေသည့် အချက်အလက်များ။
  • မြောက်ကိုရီးယားအစိုးရအား ပံ့ပိုးသော လုပ်ဆောင်ချက်အချို့ကို ပြုလုပ်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများ၏ ငွေကြေးယန္တရားများကို အလျဉ်ပြတ်စေသည့် သတင်းအချက်အလက်များ။
  • ပြည်ပအစိုးရတစ်ရပ်၏ ညွှန်ကြားချက် သို့မဟုတ် ထိန်းချုပ်မှုအရ ကွန်ပျူတာ လိမ်လည်မှုနှင့် တလွဲသုံးခြင်း အက်ဥပဒေ ချိုးဖောက်မှုတစ်ရပ်အား ထောက်ပံ့ အားပေးကူညီသည့် မည်သည့်ပုဂ္ဂိုလ်မဆိုအား ဖော်ထုတ်သည့် သို့မဟုတ် ၎င်း၏တည်နေရာကို သိစေသည့် သတင်းအချက်အလက်များ။

ယေဘုယျအားဖြင့် အစိုးရအရာရှိများသည် ၎င်းတို့၏တရားဝင်တာဝန်များ ထမ်းဆောင်ချက်၏ ပြင်ပမှ သတင်းအချက်အလက်များ ပေးခြင်း မဟုတ်ပါက ဆုငွေမရနိုင်ပါ။


သတင်းပေးသူသည် ၎င်း၏အသက်ကိုစွန့်စား၍ အကြမ်းဖက်သူတစ်ဦးအကြောင်း သတင်းအချက်အလက်များကို ပေးခဲ့ပြီးနောက် ၎င်း၌အသက်အန္တရာယ်ရှိကြောင်း တွေ့ရှိရလျှင် မည်သို့ဖြစ်မည်နည်း။ RFJ မှ အကာအကွယ် ပေးနိုင်ပါသလား။

လျှို့ဝှက်ထားခြင်းသည် RFJ အစီအစဉ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ RFJ သည် သတင်းအချက်အလက် ပေးသည့် သို့မဟုတ် ဆုငွေရရှိသည့် ပုဂ္ဂိုလ်များ၏ အမည်များကို တင်းကျပ်စွာ လျှို့ဝှက်ထားပါသည်။ ထို့အပြင် ၎င်းတို့နှင့် ၎င်းတို့၏မိသားစုအတွက် အခြေအနေအလိုက် နေရာပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ပေးနိုင်ပါသည်။


လူပုဂ္ဂိုလ်များက ပေးချေငွေကို မည်သို့ရရှိသနည်း။

RFJ ဆုငွေပေးချေခြင်းတစ်ရပ်သည် အပြန်အလှန် ဆင်ခြင်သုံးသပ်ရသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်-

  • (ကာကွယ်ရေးဌာန သို့မဟုတ် FBI ကဲ့သို့) အမေရိကန် ပြည်ထောင်စု စုံစမ်းထောက်လှမ်းရေး အဖွဲ့အစည်း သို့မဟုတ် ပြည်ပရှိ အမေရိကန်သံရုံးသည် ဆုငွေပေးရန် လူတစ်ဦးကို အရင်ဆုံး အမည်တင်သွင်းရပါမည်။ သတင်းအချက်အလက် ပေးခဲ့သည်ဟု ဆိုသည့်ပုဂ္ဂိုလ်များသည် ဆုငွေပေးချေမှုတစ်ရပ်အတွက် မိမိကိုယ်ကိုယ် အမည်မတင်သွင်းရပါ။
  • အကျုံးဝင်မှုကို တရားဝင်သုံးသပ်ပြီးနောက်၊ အဖွဲ့အစည်းအမျိုးမျိုး ပူးပေါင်းလုပ်ကိုင်သည့် ကော်မတီတစ်ရပ်က အမည်တင်သွင်းသည့် အဖွဲ့အစည်းမှ ထိုသတင်းအချက်အလက်ကို သေချာစွာ အကဲဖြတ်ပါသည်။ အမည်တင်သွင်းခြင်း၏ ထိုက်တန်မှုကို စဉ်းစားဆင်ခြင် ပြီးနောက်၊ ထိုကော်မတီသည် နိုင်ငံခြားရေးဝန်ကြီးအား အကြံပြုချက်တစ်ခု ပြုလုပ်ပါသည်။
  • သို့ရာတွင် ထိုကော်မတီ၏အကြံပြုချက်သည် မလုပ်မနေရ မဟုတ်ပါ။ ဆုငွေတစ်ရပ်ကို ခွင့်ပြုရန် မပြုရန် နိုင်ငံခြားရေးဝန်ကြီး၌ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိပြီး ဥပဒေစည်းမျဉ်းစည်းကမ်းအတွင်းမှနေ၍ ဆုငွေပမာဏကို ပြောင်းလဲနိုင်ပါသည်။
  • ဖက်ဒရယ် ရာဇဝတ်မှု တရားစီရင်ပိုင်ခွင့် ရှိသည့် ကိစ္စတစ်ရပ်အတွက် ငွေပေးချေခြင်း မပြုမီ၊ ရှေ့နေချုပ်သည် နိုင်ငံခြားရေးဝန်ကြီးနှင့် သဘောတိုက်ဆိုင်ရမည်။
  • အမည်တင်သွင်းခြင်းက ငွေပေးချေမှုတစ်ရပ်အတွက် ခွင့်ပြုချက်ရမည်ဟု အာမမခံပါ။ နိုင်ငံခြားရေးဝန်ကြီးမှ သတ်မှတ်သည့် ငွေပေးချေမှုသည် အပြီးသတ်ဖြစ်ပြီး ပြည့်စုံခိုင်လုံကာ တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု မခံရပါ။

ဆုငွေပမာဏကို မည်သို့ဆုံးဖြတ်သနည်း။

ဆုငွေပမာဏများကို အောက်ပါတို့အပါအဝင်အပြင် အချက်အမျိုးမျိုးပေါ် အခြေခံထားပါသည်- ပေးလိုက်သည့် သတင်းအချက်အလက်၏ တန်ဖိုး၊ ရရှိသည့် သတင်းအချက်အလက်ကြောင့် လျော့ပါးသွားသည့် ခြိမ်းခြောက်မှုအဆင့်၊ ဤခြိမ်းခြောက်မှုကြောင့် အမေရိကန်နိုင်ငံသား သို့မဟုတ် အိုးအိမ်ခြံမြေအပေါ် အန္တရာယ် သို့မဟုတ် ထိခိုက်မှု၏ ပြင်းထန်မှု၊ သတင်းပေးသူနှင့် ၎င်း၏မိသားစုတို့ ရင်ဆိုင်ရသည့် အန္တရာယ်နှင့် သတင်းပေးသူ၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းတာ။ သက်သေထွက်ဆိုချက်အတွက် အလဲအလှယ်အနေဖြင့် ငွေပေးချေခြင်း မပြုပါ။

သတင်းပေးသူတစ်ဦးအား ပေးသည့်ငွေသည် ကြော်ငြာထားသည့် စုစုပေါင်းဆုငွေဒေါ်လာ ပမာဏအထိ မည်သည့်ပမာဏမဆို ဖြစ်နိုင်ပါသည်။


RFJ သည် တစ်စုံတစ်ဦးအား တရားမျှတမှုအတွက် ဆုငွေများစာရင်းမှ ဖယ်ရှားဖူးပါသလား။ ဖယ်ရှားဖူးပါက မည်သူ့ကို မည်သည့်အတွက် ဖယ်ရှားသနည်း။

ဟုတ်ကဲ့၊ တရားမျှတမှုအတွက် ဆုငွေများသည် နှစ်များတစ်လျှောက် အယ်လ်ခိုင်းဒါး ခေါင်းဆောင် အိုစားမားဘင်လားဒင်နှင့် ISIS ခေါင်းဆောင် အဘူဘခါး အယ်လ်ဘဂ်ဒါးဒီး အပါအဝင် မသင်္ကာဖွယ်ဖြစ်သူ အမျိုးမျိုးကို ၎င်း၏စာရင်းမှ ဖယ်ရှားခဲ့ပါသည်။

မသင်္ကာဖွယ်ဖြစ်သူများအား ဥပဒေကြီးကြပ်ရေး သို့မဟုတ် လုံခြုံရေး တပ်ဖွဲ့များမှ ထိန်းသိမ်းလိုက်သည့်အခါ၊ သေဆုံးသွားကြောင်း အတည်ပြုထားသည့်အခါ၊ သို့မဟုတ် ၎င်းတို့ အန္တရာယ်မရှိတော့ကြောင်းကို တရားဝင် အရင်းအမြစ်တစ်ခုမှ အခြားနည်းဖြင့် ကြေညာလိုက်သည့်အခါ အပါအဝင် အကြောင်းရင်း အမျိုးမျိုးကြောင့် RFJ စာရင်းမှ ဖယ်ရှားနိုင်ပါသည်။


ဆုငွေကမ်းလှမ်းခြင်းသည် ဆုငွေအတွက် ရာဇဝတ်သားများနောက် လိုက်သည့် ကြေးစားသမားများကို အားပေးရာ မရောက်ပေဘူးလား။

ရာဇဝတ်သားများနောက် လိုက်သည့် ကြေးစားသမားများနှင့် အစိုးရမဟုတ်သော အခြားပုဂ္ဂိုလ်များအား အကြမ်းဖက်သူများ သို့မဟုတ် အလိုရှိသည့် အခြားသူများနောက်သို့ ဖမ်းဆီးရန် လိုက်ခြင်းကို ကျွန်ုပ်တို့ အပြင်းအထန် တားမြစ်ပါသည်။ ယင်းအစား RFJ သည် သက်ဆိုင်ရာ အစိုးရအာဏာပိုင်များအား ထိုကဲ့သို့ပုဂ္ဂိုလ်များ တည်ရှိရာကို ရှာဖွေ၍ ဖမ်းဆီးစေနိုင်မည့် သတင်းအချက်အလက်အတွက် ဆုငွေများ ပေးပါသည်။


ကျွန်ုပ် သတင်းအချက်အလက်ပေးလိုပါက မည်သူ့အား ဆက်သွယ်ရမည်နည်း။

သတင်းအချက်အလက်ရှိသူများသည် RFJ အား WhatsApp၊ Telegram သို့မဟုတ် Signal မှတစ်ဆင့် (202) 702-7843 ထံ ထိုသတင်းအချက်အကလက်ကို တက်စ်မက်ဆေ့ဂျ် ပို့ရပါမည်။

အနီးဆုံးသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် အနီးဆုံး FBI ရုံးရှိ (ဒေသန္တရ လုံခြုံရေးရုံး) Regional Security Office ကိုဆက်သွယ်၍လည်း ၎င်းတို့၏ သတင်းအချက်အလက်များကို တင်သွင်းနိုင်ပါသည်။


ကျွန်ုပ်၏တင်ပြချက် သို့မဟုတ် ပုံနှိပ်ထုတ်ဝေခြင်းတွင် သင်၏၀က်ဘ်ဆိုက်မှ အရာများ (ရုပ်ပုံများ) ကို အသုံးပြုရန် ခွင့်တောင်းလိုပါသည်။

မူပိုင်ခွင့်ကိုညွှန်ပြထားခြင်း မရှိပါက၊ ဤဝက်ဘ်ဆိုက်ရှိ သတင်းအချက်အလက်များကို RFJ ၏ ခွင့်ပြုချက်မပါဘဲ အများပြည်သူမှ ရယူနိုင်ပြီး ပြန်လည်ထုတ်လုပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် အသုံးပြုနိုင်ပါသည်။ ဤအချက်အလက်များ၏ အရင်းအမြစ်အဖြစ် RFJ ကို ကိုးကားပြီး၊ ဓာတ်ပုံအတွက် အသိအမှတ်ပြုချက်များ သို့မဟုတ် အမည်ဖော်ပြသည့် စာကြောင်းများတွင်လည်း ဓာတ်ပုံဆရာ သို့မဟုတ် စာရေးသူ သို့မဟုတ် RFJ စသည်ဖြင့် သင့်တော်သလို အသိအမှတ်ပြုရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။

ဓာတ်ပုံ၊ ရုပ်ပြပုံ သို့မဟုတ် အခြားအရာတစ်ခုတွင် မူပိုင်ခွင့်ဖော်ပြထားပါက၊ ဤအရာများကို မိတ္တူကူးရန် ခွင့်ပြုချက်ကို နဂိုမူလ အရင်းအမြစ်ထံမှ ရယူရပါမည်။ ထို့အပြင် ရာဇဝတ် ပြဋ္ဌာန်းချက် 18 U.S.C. 713 အရ ထိုပုဒ်မတွင် ဖော်ပြထားသည့် အချို့သော အခြေအနေများတွင် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်တံဆိပ်ကို အသုံးပြုခြင်းမှ တားမြစ်ထားကြောင်းကို သင်သိရပါမည်။ ထို့ကြောင့် နိုင်ငံတော်တံဆိပ်ကို မည်သည့် အခြေအနေတွင်မဆို အသုံးမပြုမီ ရှေ့နေနှင့် ဆွေးနွေးရန် ကျွန်ုပ်တို့ အကြံပြုပါသည်။


RewardsForJustice.net သည် အကယ်စင်စစ်ပင် အမေရိကန် ပြည်ထောင်စု အစိုးရ၏ ဝက်ဘ်ဆိုက်မှန်း ကျွန်ုပ် မည်သို့သိမည်နည်း။

တရားမျှတမှုအတွက် ဆုငွေများ (Rewards for Justice) အဖွဲ့ကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သံတမန်ရေးရာ လုံခြုံရေးဌာန (DSS) မှ စီမံခန့်ခွဲခြင်း ဖြစ်သည်။ DSS ၏တရားဝင် ဝက်ဘ်ဆိုက် Visit External Link တွင် တရားမျှတမှုအတွက် ဆုငွေများ (Rewards for Justice) အကြောင်း အပိုင်းတစ်ပိုင်း ပါရှိပါသည်။ ထိုစာမျက်နှာသည် လူများ သတင်းပေးချက်များတင်သွင်းရန် RFJ ၏တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် ဤဝက်ဘ်ဆိုက်သို့ တိုက်ရိုက် ပြန်လည် ချိတ်ဆက်ထားပါသည်။



Skip to content