About
တော်လှန်ရေး ပြည်သူ့လွတ်မြောက်ရေးပါတီ/တပ်ဦး (DHKP/C) ကို ၁၉၇၈ ခုနှစ် တူရကီနိုင်ငံတွင် ဖွဲ့စည်းခဲ့ပါသည်။ DHKP/C သည် မတ်စ်-လီနင်ဝါဒကို ထောက်ခံပြောဆိုပြီး အမေရိကန်၊ NATO နှင့် တူရကီ အာဏာရအစိုးရတို့ကို ဆန့်ကျင်ပါသည်။ ထိုအုပ်စုသည် အမေရိကန်စစ်တပ်၊ သံတမန်ဝန်ထမ်းများနှင့် အဆောက်အဦးများ၊ NATO ဝန်ထမ်းများနှင့် အဆောက်အဦးများ အပါအဝင် အမေရိကန် အကျိုးစီးပွားများနှင့် တူရကီပစ်မှတ်များကို ၁၉၉၀ ခုနှစ်များ ကတည်းက ပစ်မှတ်ထားခဲ့ပါသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် အန်ကရာမြို့ရှိ အမေရိကန်သံရုံး၌ DHKP/C တပ်သားတစ်ဦးမှ အသေခံအင်္ကျီ ဖောက်ခွဲခဲ့ပါသည်။ ထိုပေါက်ကွဲမှုကြောင့် တူရကီအစောင့်တပ်သားတစ်ဦး သေဆုံးပြီး တူရကီ သတင်းစာသမားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါသည်။ ၂၀၁၃ ခုနှစ် မတ်လတွင် ထိုအုပ်စု၏ အဖွဲ့ဝင်သုံးဦးသည် တရားရေးဝန်ကြီးဌာနနှင့် တူရကီ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံရေးပါတီ အန်ကရာမြို့ ဌာနချုပ်များကို လက်ပစ်ဗုံးများ၊ ဒုံးကျည်ပစ် လောင်ချာများနှင့် တိုက်ခိုက်ခဲ့ပါသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ DHKP/C အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ DHKP/C အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ DHKP/C ၏ အိုးအိမ်ခြံမြေအားလုံးနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား DHKP/C နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် DHKP/C အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။
