About
ပထမအကြိမ် ပါလစ္စတိုင်းအုံကြွမှု သို့မဟုတ် ပထမအကြိမ် အင်တီးဖာဒါ (Intifada) စတင်ချိန်၌ ပါလစ္စတိုင်း မွတ်စလင် ညီနောင်များ (Muslim Brotherhood) ၏အဖွဲ့ခွဲတစ်ခုအဖြစ် ဟဲရခထဲလ် မူကဝါးမ အယ်လ်အစ္စလာမီးယာ (ဟမတ်စ်) ကို ၁၉၈၇ ခုနှစ် တွင် တည်ထောင်ခဲ့ပါသည်။ ဟမတ်စ်တွင် အဇ်အယ်လ်ဒင် အယ်လ်ခါစမ် တပ်မဟာများ (Izz al-Din al-Qassam Brigades) ဟု သိကြသည့် စစ်တပ်အဖွဲ့ခွဲ တစ်ခုရှိပြီး ၎င်းအဖွဲ့ခွဲသည် ၁၉၉၀ ခုနှစ်များကတည်းက အစ္စရေးရော ပါလစ္စတိုင်းနယ်မြေများ၌ပါ အစ္စရေး ဆန့်ကျင်ရေး တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပါသည်။ ဤတိုက်ခိုက်မှုများတွင် အရပ်သားအစ္စရေးပစ်မှတ်များအပေါ် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ငယ်များနှင့် တိုက်ခိုက်မှုများ၊ လမ်းဘေး၌ ရရာဖြင့် ဖြစ်သလို ဖန်တီးထားသော ဖောက်ခွဲမှုများနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ပါဝင်ခဲ့ပါသည်။ ၂၀၀၁ နှစ် ယေရုရှလင်မြို့ Sbarro ပီဇာဆိုင်၌ အမေရိကန်နှစ်ဦး အပါအဝင် လူ ၁၅ ဦးသေဆုံးပြီး အယောက် ၁၂၀ ကျော် ထိခိုက်ဒဏ်ရာရသည့် ဗုံးဖောက်ခွဲမှုကို ၎င်းတို့မှ ပြုလုပ်ခဲ့ကြောင်း ဟမတ်စ်မှ ပြောဆိုပါသည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် ဟမတ်စ်အဖွဲ့ဝင် တစ်ဦးက ယေရုရှလင်မြို့တွင် အသေခံတိုက်ခိုက်ခဲ့ပြီး ဤသည်ကြောင့် လူ အယောက် ၂၀ သေဆုံးခဲ့ပါသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ဟမတ်စ်အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ နောင်တွင် ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၌ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ ဟမတ်စ်အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ဟမတ်စ်၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား ဟမတ်စ်နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် ဟမတ်စ်အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။
